Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၅)

A+ A-

သာထင် နွားလှည်းဆင်ရင်း သူကြီးအိမ်ဆီကို အကဲခတ်လိုက်သည်။ ရွာက လူကြီးလူငယ်မကျန် တစ်ဖက်ရွာက ဘုရားပွဲကို လည်ပတ်ကြမှာမို့ စုရပ်ဖြစ်တဲ့ သူကြီးအိမ်ရှေ့မှာ နွားလှည်းတွေ တန်းစီလို့ ရောက်နေကြပြီဖြစ်သည်။

” ဟေ့ ဒင်္ဂါး … မပြီးကြသေးဘူးလား … နောက်ကျလို့ နေမြင့်သွားရင် နွားတွေပင်ပန်းမှာနော် … အဲ့အခါကျ ငါတို့ပဲ ခရီးဖင့်မှာ “

သာထင်က အိမ်ဘက်ကိုလှည့်ရင်း လောဆော်လိုက်သည်။ အိမ်ဘက်ကို ကြည့်ရသလို သာထင့်အနီးကိုလည်း မျက်စိစွေလို့ စောင်းငဲ့ကြည့်ရသေးသည်။ ခြံထဲကို နွားလှည်းဝင်လာကတည်းက လုံးနေအောင် ပြေးလာတဲ့ မိစွာနဲ့မိုက်မိုက်စန်းကြောင့် လန့်သွားရတဲ့ ကြောက်စိတ်ပင်မပြေသေး။ မကိုက်သော်ငြား သွားဖုံးကြီးတွေပေါ်သည်အထိ သွားကြီးဖြဲလို့ တဂီးဂီးလုပ်နေတဲ့ နှစ်ကောင်နဲ့ သာထင်က ဘယ်အချိန်တွေ့တွေ့ တစောင်းစေးနဲ့ မျက်ချေး။

” ဒင်္ဂါး … “

” လာပြီ သာထင်ရ . လာပြီ … ဘယ့်နှယ့်ဖြစ်လို့ စွတ်အော်နေရတာလဲ … အချိန်လည်း မလင့်သေးပါဘူး “

အိမ်ထဲကနေ တစ်ဖက်မှာ တောင်းကြီးတစ်တောင်းကိုဆွဲပြီး တစ်ဖက်မှာ အဝတ်ထုပ်ကြီးကိုင်လာတဲ့ ဒင်္ဂါးက သာထင့်ကို တဗျစ်တောက်တောက်ပြောရင်း ထွက်လာသည်။

” ခြံရှေ့မယ်လည်း သွားကြမယ့်လှည်းတွေ ရောက်နေပြီဟ “

” အေးပါကွာ … အစ်မငွေမှုန်လည်း လာပြီ . စောင့်ဦး “

လှည်းပေါ်ကို သယ်လာတဲ့ပစ္စည်းတွေတင်ရင်း ဒင်္ဂါးက အိမ်ထဲ ပြန်ဝင်သွားပြန်သည်။ သာထင်ကတော့ ဒင်္ဂါးတင်ထားခဲ့တဲ့ တောင်းတွေပလုံးတွေကို လှည်းပေါ်မှာ နေရာတကျ စီစီရီရီ နေရာချလိုက်သည်။

” တော့ ကိုသာထင် … လှည်းမထွက်ကြသေးဘူးလား . ကျုပ်တို့က ရောက်ချင်ပြီတော့ … စောင့်ရတာကြာလိုက်တာ “

” အော် . မိကဲ “

စိတ်မရှည်တော့ပုံရတဲ့မိကဲက ခြံ‌ထဲထိဝင်လာပြီး သာထင့်ကို ရန်လာတွေ့သည်။ သာထင်လည်း ခေါင်းကဆံပင်တွေကို ဆွဲဖွလိုက်ပြီး သက်ပြင်းတစ်ချက်ကိုလည်း မှုတ်ထုတ်လိုက်သည်။

” ညည်းအစ်ကိုဒင်္ဂါးနဲ့ အစ်မငွေမှုန်တို့ကို ခေါ်လေ … ကျုပ်ကဖြင့် လှည်းအဆင်သင့်ဖြစ်နေပြီ . သူတို့က မလာသေးတာ “

” ဟိုကိုစောစောရောက်ရင် ကျုပ်တို့က အကြိုဖွင့်ထားတဲ့ မုန့်ဈေးတန်းလည်ပြီး မုန့်ပတ်စားချင်လို့ပါဆို “

” အေးပါဟာ . သွား သွား . ကိုယ့်လှည်းကိုယ်ပြန်ချေ … ပွစိပွစိနဲ့ “

မိကဲက သာထင့်ကို မျက်စောင်းခဲလို့ ခြေဆောင့်ကာ ခြံဝင်းထဲကနေ ထွက်သွားသည်။ သာထင်လည်း စိတ်မရှည်စွာ သူကြီးအိမ်ဘက်ကို ပြန်လှမ်းကြည့်လိုက်တော့ အိမ်ထဲကနေထွက်လာတဲ့ ဒင်္ဂါးနဲ့ အစ်မငွေမှုန်သာမက အနောက်မှာ မြို့အုပ်မင်းညီတို့ပါ ပါလာတာကို တွေ့လိုက်ရသည်။

” ထမင်းတောင်းတွေ ပြင်နေလို့ပါ သာထင်ရယ် … မြို့အုပ်မင်းရဲ့ညီလေးလည်း ပါမှာဆိုတော့ လမ်းမယ် ဆာနေရင် စားလို့ရအောင်ပါ “

အစ်မငွေမှုန်လက်ထဲက ထမင်းတောင်းကို သာထင်က လက်လွှဲယူလိုက်ရင်း လှည်းပေါ်တင်လိုက်သည်။ အကြည့်တွေကလည်း ဘာတွေမှန်းမသိတဲ့ အထုပ်အပိုးတွေနဲ့ မြို့အုပ်မင်းညီဆီမှာဖြစ်သည်။

” ခွေးပု . ရော့ … ပစ္စည်းတွေတင်နှင့် … ငါ့သမီးလေးတွေ နှုတ်ဆက်ချေဦးမယ် “

” ‌ဟုတ် . ဆျာထောင် “

ရှိသမျှ အထုပ်အပိုးတွေအားလုံးကို ခွေးပုလက်ထဲ အင့်ခနဲနေအောင် ထည့်ပေးသွားတာမလို့ ခွေးပုမှာ နင့်ခနဲရယ်။ ပစ္စည်းတွေကို ပြုတ်မကျအောင် လှည်းဆီ ဂရုတစိုက်သယ်သွားရင်း လှည်းနားမှာစောင့်နေတဲ့လူဆီကို ကမ်းပေးလိုက်သည်။

” သမီးလေး … အမလေး အမလေး … ဖေ့ကို ခုမှလာချစ်ပြနေတယ် “

ပစ်‌တိုင်းထောင် မြေကြီးပေါ်မှာ ဖြစ်သလို ထိုင်ချလိုက်ရင်း မိစွာနဲ့ မိုက်မိုက်စန်းကို နှုတ်ဆက်လိုက်သည်။ မိစွာက ပစ်တိုင်းထောင်ရဲ့မျက်နှာကို တရှုံ့ရှုံ့နမ်းရင်း လျှာတွေနဲ့ပါ လျက်လာတာမလို့ သဘောတကျ ရယ်လိုက်သည်။

” အခုမှချွဲနေတယ် ဟုတ်သလား … အေးပါကွာ … ဖေပြန်လာရင် မုန့်မုန့်ဝယ်ခဲ့မယ် “

မုန့်ဆိုတော့ မျက်လုံးဝိုင်းတွေနဲ့ မော့ကြည့်ရင်း အမြှီးရမ်းနေတဲ့ သမီးနှစ်ကောင်ကို အချစ်ပိုစွာ ငုံ့နမ်းလိုက်သည်။

” ဖေလည်း ခေါ်ချင်ပါတယ်ကွာ … ဒါပေမယ့် အဆင်မပြေဘူးကွ “

ဝုတ် ဝုတ် …

ပစ်တိုင်းထောင်က မြေကြီးမှာ ထိုင်ချထားတာကြောင့် မိစွာနဲ့ မိုက်မိုက်စန်းတို့နဲ့ တစ်တန်းတည်းလိုဖြစ်နေသည်။ မိစွာကို ပစ်တိုင်းထောင်က ရင်ခွင်ထဲ ထည့်ဖက်ထားတော့ မိုက်မိုက်စန်းကလည်း နောက်ကနေ မတ်တပ်ရပ်လာပြီး လည်ပင်းတွေကို လာသိုင်းဖက်သည်။

” အခုကျမှ လာချစ်ပြနေ … အရင်ရက်တွေကများ ဒီဖအေနားတောင် မကပ်ဘူး “

ပြောလည်းပြောရင်း လှည်းနားမှာရပ်နေတဲ့ ရွှေဒင်္ဂါးကို မျက်စောင်းလှမ်းထိုးလိုက်သည်။ အရင်ရက်တွေကဆို မိစွာနဲ့ မိုက်မိုက်စန်းက ပစ်တိုင်းထောင်နားမကပ်ပဲ ရွှေဒင်္ဂါးဘယ်သွားသွား အနောက်ကနေ တကောက်ကောက်လိုက်နေတော့တာ။

” ဟိုလေ … ပစ်တိုင်းထောင် “

” ပြော “

တွန့်ဆုတ်ဆုတ်နဲ့ အနားကိုရောက်လာတဲ့ ရွှေဒင်္ဂါးကို ပစ်တိုင်းထောင် ထိုင်နေရာကနေ မော့ကြည့်လိုက်သည်။

” လှည်းက အဆင်သင့်ဖြစ်နေပြီရယ် … အခုချိန်မှမထွက်ရင် နေမြင့် “

” မိစွာနဲ့ မိုက်မိုက်စန်းကို နှုတ်ဆက်နေတယ်လေ … လာမှာပေါ့ ဘယ်လိုဖြစ်နေတာလဲ ခင်ဗျားက “

ပစ်တိုင်းထောင် မိစွာကို ပွေ့ချီရင်း ထိုင်နေရာကနေ ထရပ်လိုက်သည်။ လက်ပေါ်မှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ မိစွာက ‌ကလေးများလို ရွှေဒင်္ဂါးဘက်ကို ခေါင်းကြီးအတင်းထိုးလို့ လိုက်ချင်ပုံပြသည်။

” ဘယ်လိုဖြစ်နေတာလဲ . ဒီအဖေလက်ထဲမှာ ငြိမ်ငြိမ်နေလေ … အရင်ကကျ အဖေ အဖေနဲ့ ကပ်နေပြီး‌တော့ “

မိစွာကိုလည်း မာန်ရင်း ခပ်ကျစ်ကျစ်ပွေ့ဖက်ထားကာ ရွှေဒင်္ဂါးကို ကြည့်လိုက်သည်။

” နေကအရမ်းပူတယ် ပစ်တိုင်းထောင်ရဲ့ … ခုနေသွားကာမှ ဟိုဘက်ရွာကို အစောရောက်မှာ … နေအရမ်းပြင်းလာရင် နွားတွေလည်းပန်းပြီး ခရီးဖင့်တယ် “

” ပြီးတာပဲ “

ရွှေဒင်္ဂါးကို မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း လက်ထဲမှာချီထားတဲ့ မိစွာကို အောက်ချပေးလိုက်သည်။

” ဂရုစိုက်သွားကြကွဲ့ … သား . လူလေးရေ … သားလည်း ပစ်တိုင်းထောင်ကို ဂရုစိုက်နော် “

အခုမှ အိမ်ထဲကထွက်လာတဲ့ အဘက ဒင်္ဂါးကို သတိပေးစကားဆိုသည်။ ဒင်္ဂါး ခေါင်းညိတ်ပြလိုက်တော့ အဘကလည်း ပြန်ပြုံးပြီး ခေါင်းညိတ်ပြတာမလို့ နွားလှည်းဆီသွားဖို့ပြင်လိုက်သည်။

” ကျွန်တော့်သမီးတွေကို ဂရုစိုက်ပေးနော် သူကြီး … နေပူမမိစေနဲ့ “

ပြောချင်ရာပြောပြီး လှည့်ထွက်သွားတဲ့ ပစ်တိုင်းထောင်ကြောင့် ဦးမင်းငွေမျက်နှာကြီး ရှုံ့မဲ့သွားသည်။ သူ့သမီးတွေကဖြင့် နဂိုကတည်းက မည်းမည်းတုံးတုံးပဲဟာကို နေပူမိတော့ရော ဘာများထူးမှာမလို့တုန်းရယ်။

” ကဲ စထွက်ကြမယ်ဟေ့ “

ပစ်‌တိုင်းထောင်က လှည်းပေါ်မှာ နေရာယူပြီးတာနဲ့ လှည်းမောင်းနေရာက သာထင့်ရဲ့ ဆော်ဩသံက ထွက်ပေါ်လာသည်။

” မိုက်မိုက်စန်း … သမီးလေး . ကောင်းကောင်းနေခဲ့နော် . နင့်သမီးကိုရော ကြည့်ထားဦး “

စတင်ပြီးတော့ ငြိမ့်ခနဲ ထွက်ခွာသွားတဲ့ နွား‌လှည်းပေါ်က အနောက်ဖျားမှာ ခြေချထိုင်ထားရင်း အနောက်မှာကျန်နေခဲ့တဲ့ သမီးတွေကို ပစ်တိုင်းထောင် လက်ပြနှုတ်ဆက်လိုက်သည်။ ပစ်တိုင်းထောင်တို့ လှည်းကိုကြည့်ကာ တဝုတ်ဝုတ်ဟောင်ရင်း မိစွာနဲ့ မိုက်မိုက်စန်းကလည်း နှုတ်ဆက်ကျန်နေခဲ့သည်။

ဘုရားပွဲတော် သွားစို့နော်
လှည်းကလေးရယ် ပေါင်းမိုးလေးနဲ့နော် …

တပေါင်းပွဲတော် စည်ကားသနော်
ဈေးတန်းထဲရယ် ကူးလို့သန်းလို့ပျော် …

နွားတွေကို အစာနဲ့ရေ အဝအလင် တိုက်ကျွေးထားပြီးသားမလို့ မင်းကန်ရိုးရွာကနေ တစ်ဖက်ရွာကို ခရီးတစ်ထောက်ပင်မနားပဲ ဆက်တိုက်နှင်သည်။ နံနက်လေးချက်တီးအချိန်မှာ စထွက်လာခဲ့တာမလို့ အလင်းရောင်ရယ်လို့ ကောင်းကောင်းမထွက်ပြူသေးချေ။

တစ်ရွာလုံးစုလို့ နွားလှည်းတွေနဲ့ သွားကြတာကြောင့် တချို့သော မလိုက်နိုင်တဲ့ လူကြီးလူငယ်တွေက ရွာလှည်းလမ်းပေါ်က လှည်းတန်းရှည်ကြီးကို ထွက်လို့ကြည့်ကြသည်။

” ခဏမှေးရင် မှေးလေ အစ်မ … အစောကြီးထပြီး ထမင်းချက်ထားရတာမဟုတ်လား “

သာထင်က လှည်းမောင်းနေရာမှာထိုင်ပြီး အနောက်မှာ အစ်မငွေမှုန်နဲ့ ဒင်္ဂါးက ထိုင်သည်။ ထမင်းတောင်းတွေနဲ့ ပါလာတဲ့ပစ္စည်းတွေကိုတော့ လှည်းထောင့်မှာစုပြီး လှည်းရံတိုင်မှာ ကပ်ချည်ထားတာကြောင့် အထားအသိုက စနစ်တကျရယ်။ မြို့အုပ်မင်းညီနဲ့ ကိုခွေးပုကတော့ လှည်းကို နောက်ကျောပေးရင်း ခြေချလို့ထိုင်နေတာကြောင့် လှည်းပေါ်မှာ လွတ်လွတ်လပ်လပ်တော့ ထိုင်စရာနေရာရှိသည်။

” မမှေးတော့ပါဘူး အငယ်ရယ် … လှည်းက အောက်က ခုန်နေတာနဲ့ အစ်မက ဘယ်လိုလုပ်ပြီး မှေးမတုန်း မောင်ငယ်ရဲ့ “

” ဪ အစ်မရယ် … အိပ်ပျော်အောင် အိပ်ခိုင်းတာတော့ မဟုတ်ဘူးလေ . ခဏတဖြုတ် နားနားနေနေလေးနေဖို့ ပြောတာပါ ”

” ဟုတ်ပါပြီ “

အစ်မငွေမှုန်က ဒင်္ဂါးပြောသလိုပဲ အဝတ်တောင်းတွေကို မှီလို့ ငြိမ်ငြိမ်လေးမှေးနေသည်။ စကားပြောစရာလူလည်း မရှိတော့ပြီမို့ အနောက်မှာထိုင်နေတဲ့ နှစ်ယောက်ဆီကို ဒင်္ဂါးအကြည့်တွေ ရောက်သွားသည်။

” ပစ်‌တိုင်းထောင် “

” ပြော … “

ပြန်ထူးတဲ့ပုံက ထူးချင်သလို မထူးချင်သလိုနဲ့ မာဆတ်ဆတ်ရယ်။ ဒင်္ဂါးတို့လှည်းက အရှေ့ဆုံးကဖြစ်ပြီး နောက်မှာပါလာတဲ့ လှည်းတန်းရှည်ကြီးကို ငေးကြည့်နေရာကနေ အနေအထားပြောင်းလို့ ဒင်္ဂါးကို လှည့်ကြည့်လာသည်။ ကိုခွေးပုကတော့ လှည်းရံတိုင်ကို မှီထားပြီး ပြုတ်မကျအောက် တစ်ဖက်က လှည်းရံကို ခြေဖြင့်ကန်ထားကာ လက်ကိုပိုက်လို့ မှေးနေသည်။

” အဲ့အနောက်မှာထိုင်ရတာ အဆင်ပြေရဲ့လား … လှည်းထဲဝင်ထိုင်လေ … လှည်းက အကျယ်ကြီးပါ “

” ကျေးဇူးပဲ “

ငြင်းတောင်မငြင်းပဲ လှည်းအတွင်းပိုင်းထဲကို ဝင်ထိုင်လိုက်ပုံက ခပ်သွက်သွက်ရယ်။ ဘယ်အချိန်ကတည်းက အတွင်းထဲကို ဝင်ထိုင်ချင်နေလဲတော့မသိ။ ဖုန်ထူနေပူချိန် ရာသီဥတုမလို့ နေမထွက်သေးပေမယ့် နွားလှည်းတန်းကြောင့် ဖုန်ကတော့ ထူမှာပဲဖြစ်သည်။

” ဒါနဲ့ တစ်ဖက်ရွာကို ဘယ်လောက်ကြာကြာသွားရမှာလဲ “

ဒင်္ဂါး ဘေးမှာလာထိုင်တဲ့ ပစ်တိုင်းထောင်ကို စောင်းငဲ့ကြည့်လိုက်သည်။ ‌လှည်းရံတိုင်တွေကို ကျောမှီထားရင်း နောက်မှာပါလာတဲ့ လှည်းတန်းရှည်ကြီးကို ငေးနေတာမလို့ ဒင်္ဂါး တံတွေးတစ်ချက်မျိုချလိုက်သည်။

” နေ့တစ်ပိုင်းလောက်ပေါ့ရယ် … အဲ့တာကြောင့် ကျွန်တော်တို့ စောစောထွက်လာတာ … အခုချိန်ထွက်တော့ မနက်ဆယ်ချက်တီး သို့မဟုတ် ဆယ့်တစ်ချက်တီးလောက်‌တော့ ရောက်မယ် “

” ဪ “

ပစ်တိုင်းထောင်က အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်သည်။ ကိုကိုကြီးကလွှတ်လို့သာ ရွာကိုလာခဲ့ရပေမယ့် အခုလိုကျတော့လည်း ပွဲလမ်းသဘင်ကို လည်ပတ်ခွင့်ရတာမို့ ပျော်ဖို့တော့ အကောင်းသားရယ်။

နွားလှည်းလေးကလည်း တလှုပ်လှုပ်။ အချိန်တစ်ခုလောက်အကြာ အရှေ့အရပ်ကနေ သူရိန်နေမင်းက တောင်တန်းတွေအကွယ်ကနေ ပြူထွက်စပြုလာသည်။ အပူပိုင်းဒေသနွေဆိုတဲ့အတိုင်း နေထွက်စမှာတင် ပူပူလောင်လောင် အိုက်စပ်စပ်ရယ်မို့ ပစ်တိုင်းထောင်နဖူးမှာ ချွေးစတွေသီးနေသည်။ ကာလနဂါးသေလို့ ဝင်စားသလားမသိတဲ့ ခွေးပုကတော့ ပူလို့ပူမှန်းပင်သိပုံမရပဲ လှည်းပေါ်မှာတင် ပါးစပ်ကြီးဟလို့ ကုလားသေ ကု‌လားမော အိပ်မောကျနေတုန်းပင်။

” မနက်စာစားကြစို့ ‌အငယ် … အစ်မ ဆီထမင်းတွေချက်လာတယ် … အငယ်က အရင်ဆုံး မြန်မြန်စားလိုက်နော် . ပြီးရင် သာထင် မနက်စာစားဖို့ကို တစ်လှည့်လှည်းကူမောင်းပေးလိုက်နော် “

” ဟုတ်ကဲ့ အစ်မ “

” မောင်ငယ် ပစ်တိုင်းထောင်နဲ့ ခွေးပုတို့ရော တစ်ခါတည်းစားနော် … အစ်မက အကုန်ပြင်ဆင်လာခဲ့တယ် “

” ဟုတ်ကဲ့ . အစ်မငွေမှုန် … “

အစ်မငွေမှုန်ကို ပြန်ဖြေသံက ပုံမှန်ဆို ဒင်္ဂါးကို ပြန်ဖြေသံနဲ့ ကွာခြားလှတာကြောင့် ပစ်တိုင်းထောင်ကိုကြည့်ပြီး ဒင်္ဂါး မသိမသာ နှာခေါင်းရှုံ့လိုက်မိသည်။ ဒါကဘာလဲလေ။ သူများအစ်မကို မောင်ဖြစ်သူရှေ့လာပြီး ပေါ်တင်ပိုးပန်းချင်တဲ့ သဘောလား။

အစ်မငွေမှုန်က ထမင်းတောင်းရဲ့ အပေါ်ဆုံးမှာ ဖက်ရွက်ကလေးတွေနဲ့ ထုပ်ပိုးလာတဲ့ ဆီထမင်းတွေကို တစ်ယောက်တစ်ထုပ်ကမ်းပေးသည်။ သေသေချာချာထုပ်ပိုးလာတာကြောင့် ဖက်ရွက်ကလေးက နွေးနေတုန်းပင်။ ချည်ထားတဲ့ နှီးကြိုးကလေးကိုဖြည်လိုက်‌တော့ အထဲမှာ ဝင်းဝါနေတဲ့ ဆီထမင်းကို မြင်လိုက်ရသည်။ အပေါ်ယံမှာ ကြက်သွန်ကြော်လေးနဲ့ ပဲပြုတ်ကလေးကို တင်ထားပုံက ကြည့်ရုံနဲ့တင် ဆီထမင်းလေးက ဝင်းဝါလို့ နူးအိအရသာရှိပုံပေါ်သည်။

” မွှေးနေတာပဲ အစ်မငွေမှုန် … မြို့က ဆီရွှဲပြီးမာတောင်နေတဲ့ ဆီထမင်းတွေနဲ့တော့ ကွာ‌ပါ့ “

” စားနော် ခွေးပု … အစ်မက အပိုလည်း ထုတ်လာခဲ့တယ် “

ပစ်တိုင်းထောင်ကတော့ ဘာစကားမှမပြောပဲ ငြိမ်နေသည်။ လှည်းနောက်ပိုင်းမှာ နံနက်စာကို ဝိုင်းစားကြရတာမလို့ ဒင်္ဂါးက ခပ်သွက်သွက်စားသည်။ ဒင်္ဂါးစားပြီးတော့ ဖက်ရွက်ကလေးကို သေချာပြန်ခေါက်ထားလိုက်ပြီး လှည်းထောင့်လေးမှာ ပုံထားလိုက်သည်။

” သာထင် . လာ . မနက်ခင်းပိုင်းစာ လာစားချေ … ငါတစ်လှည့်မောင်းပေးမယ် “

ဗိုက်ဆာနေပုံရတဲ့ သာထင်ကလည်း မငြင်း။ နွားနှင်တံကို ဒင်္ဂါးလက်ထဲထည့်ပေးကာ လှည်းနောက်ပိုင်းကိုရောက်လာတော့ ဒင်္ဂါးလည်း အရှေ့ပိုင်းမှာ ပြောင်းထိုင်လိုက်သည်။

” ပူလိုက်တာ ဆျာထောင်ရယ် … နေမင်းကြီးက ခေါင်းတည့်တည့်များ ရောက်နေသလား အောက်မေ့ရတယ် “

ခွေးပုက ပါလာတဲ့ ဖျင်တဘက်စလေးနဲ့ ယပ်ခပ်လိုက်ရင်း ခပ်ညည်းညည်းပြောလိုက်သည်။ ဆရာသမားဖြစ်သူကိုကြည့်လိုက်‌တော့ ခွေးပုကို ပြန်မဖြေပဲ လက်ပိုက်လို့ လှည်းရံတိုင်ကိုမှီကာ မျက်လုံးမှိတ်ထားသည်။ ပြန်မပြောလည်း ဆျာထောင်ပူနေတယ်ဆိုတာ နဖူးပြင်နဲ့ လည်ပင်းစပ်တွေမှာ ‌စိုရွှဲနေတဲ့ ချွေးသီးတွေကိုကြည့်လျှင် သိနိုင်သည်။

နေက တဖြည်းဖြည်း မြင့်တက်လာသလို အပူရှိန်ကလည်း ပိုကဲလာသည်။ ပစ်တိုင်းထောင် ရေငတ်စွာ တံတွေးတစ်ချက်ကို မျိုချလိုက်သည်။ ပူလွန်းအိုက်လွန်း ဖုန်ထူလွန်းတာမလို့ လှည်းပေါ်မှာထိုင်ရင်း အသက်ရှူကြပ်လာသလိုမျိုး ခံစားလိုက်ရသည်။

” ပစ်တိုင်းထောင် … ရရဲ့လား . အရမ်းပူနေတာလား “

” ဟင် … “

အနားရောက်လာတဲ့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ရဲ့ ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ရင်းမေးသည်။ အပူရှိန်ကြောင့် အသက်ရှူကြပ်လာတာမလို့ မူမမှန်ဖြစ်နေတဲ့သူ့ကို ကိုရွှေတောသားက သတိထားမိသွားပုံရသည်။

” အင်း . ရေငတ်တယ် “

” ဟင် . ရေငတ်တာ အစောကတည်းက မပြောဘူး … အပူလွန်ပြီး ခေါင်းတွေများမူးသလား “

ဒင်္ဂါး ခပ်သွက်သွက်ပဲ ပါလာတဲ့ ရေအိုးထဲကရေကို အုန်းမုန့်ခွက်ကလေးနဲ့ခပ်လို့ ပစ်တိုင်းထောင်ကို တိုက်လိုက်သည်။ အစ်မငွေမှုန်ကလည်း မနေနိုင်စွာ ပါလာတဲ့ နှီးယပ်တောင်ကြီးနဲ့ ပစ်တိုင်းထောင်မျက်နှာရှေ့ကို တဗျန်းဗျန်းခပ်ပေးသည်။

” ဆျာထောင် … တစ်ခုခုဆိုပြောနော် … ဆျာထောင်သာ တစ်ခုခုဖြစ်ရင် ကျွန်တော်က သရဲကြောက်တယ် “

” ဟာ …! ဒီခွေး “

” အ ! “

ခေါင်းမူးရတဲ့အထဲ နားလာပူနေတဲ့ ခွေးပုကြောင့် နားရင်းကို တစ်ချက်ပိတ်ရိုက်လိုက်သည်။ မောင်နှမနှစ်ယောက်ကလည်း ရေဆိုရေ လေဆိုလေ အစိုးရိမ်လွန်လို့ ပစ်တိုင်းထောင်နားက မခွာ။ ရွှေဒင်္ဂါးဆို ဘယ်ကနေထွက်လာမှန်းမသိတဲ့ သံပုရာသီးကိုလှိမ့်လို့ ပစ်တိုင်းထောင်နှာခေါင်းနားကို တေ့ထားပေးသည်။

” ရပြီ . ရပြီ “

ရပြီလို့သာပြောပေမယ့် ဒင်္ဂါးကတော့ အစ်မငွေမှုန်လက်ထဲက ယပ်တောင်ကြီးကိုဆွဲယူလို့ လေရအောင် ခပ်ပြင်းပြင်း ခပ်ပေးနေဆဲ။ အရင်နေ့တွေထက် ဒီကနေ့က နေပြင်းလွန်းတာကြောင့် မြို့အုပ်မင်းညီ ‌အနေခက်သွားပုံရသည်။ ဒါတောင် လှည်းမှာ ပေါင်းမိုးကလေးကိုမိုးလို့ ဘေးဘီတွေပါ လုံအောင်အုပ်ကာထားလို့။

” မနက်အစောပဲ ရှိသေးတယ်ကွယ် ‌… နေကလည်း ပြင်းလိုက်တာ “

အစ်မငွေမှုန်က ညည်းညည်းညူညူပြောလို့ သက်ပြင်းချသည်။ တစ်သက်နဲ့တစ်ကိုယ် အေးအေးလူလူ သက်တောင့်သက်သာ နေလာပုံရတဲ့ မြို့အုပ်ညီကလေးမို့ ရာသီဥတုကြောင့် ခရီးပန်းတဲ့ဒဏ်ကိုတောင် ခံနိုင်ပုံမရ။

” နေကလည်းပူ ဖုန်ကလည်း အရမ်းထူတော့ အသက်ရှူကြပ်တာလည်း ပါမယ် အစ်မ … အရမ်းပူတာကြောင့် တစ်ခုတည်းတော့ မဟုတ်ပါဘူး … မြို့ကြီးမှာက ရာသီဥတုပူရင်တောင် အခုလိုမျိုးမှမဟုတ်ပဲ အစ်မရဲ့ “

ပစ်တိုင်းထောင်ကတော့ အပူရှိန်ကြောင့် နုန်းခွေနေပြီဖြစ်သည်။ ရာသီဥတုက သည်လောက်ဆိုးဝါးပူပြင်းမယ်မှန်း‌တော့ မထင်ထားခဲ့မိတာ အမှန်။

” ဆျာထောင် အဆင်ပြေမှာပါနော့ . ကိုဒင်္ဂါး “

” ပြေပါတယ် ကိုခွေးပုရဲ့ … ပစ်တိုင်းထောင်က ကျွန်တော့်အထင် လှည်းမူးတာဖြစ်မယ် … မူးနေတာကို ခန္ဓာကိုယ်တောင့်ထား‌တော့ အဆင်မပြေဖြစ်သွားတာ‌ပါ “

ပစ်တိုင်းထောင်နားထဲ ရွှေဒင်္ဂါးနဲ့ ခွေးပုရဲ့ အသံသဲ့သဲ့ကို ကြားနေရသည်။ အမှန်တကယ်လည်း ရွှေဒင်္ဂါးစကားက မှန်ပါသည်။ နွားလှည်းက ခုန်လည်းခုန်သလို ဘယ်ညာကိုလည်း ပြင်းပြင်းထန်ထန် ယိမ်းနေတာမလို့ ဆီထမင်းကို အဝအပြဲစားထားမိလိုက်သည့် ပစ်တိုင်းထောင်အဖို့ မူးဝေပြီး ဗိုက်ထဲကနေ နေရခက်တဲ့ဒဏ်ကို အလူးအလဲ ခံစားလိုက်ရတာဖြစ်သည်။

” နောက်နှစ်ခေါ်လောက်ဆို ပွဲ‌ခင်းထဲရောက်ပြီ “

လှည်းမောင်းနေတဲ့ သာထင်က ဒင်္ဂါးတို့ကို သတိပေးလောဆော်သည်။ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်တော့ တစ်ဖက်ရွာရဲ့ ရွာအဝင်လမ်းကို ရောက်နေပြီဖြစ်သည်။

” တခြားရွာက လှည်းတွေလည်း ရောက်နေကြပြီပဲ … လူကတော့ ကြိတ်ကြိတ်တိုးနေတော့မှာ “

ဒင်္ဂါးပြောလိုက်တော့ ဒင်္ဂါးလိုပင် ပတ်ဝန်းကျင်ကို အကဲခတ်နေတဲ့ အစ်မငွေမှုန်က ခေါင်းညိတ်သည်။ လမ်းမကြီးပေါ်မှာ ဒင်္ဂါးတို့ရွာက နွားလှည်းတန်းကြီးသာမက တခြားရွာကလာတဲ့ နွားလှည်း၊ မြင်းလှည်း စသဖြင့် ပြည့်နှက်နေသည်။

” ဟိုနားကအပင်အောက်မှာပဲ ငါတို့အဖွဲ့ စားတည်းချမယ် … အနည်းဆုံးတော့ ငါတို့ရွာကလူတွေ တစ်စုတည်း နေလို့ရတာပေါ့ … နွားလှည်းထားဖို့တော့ ကြည့်စီစဉ်ကြမယ် “

သာထင်က အရိပ်ရအပင်ကြီးတွေများစွာရှိတဲ့ နေရာမှာ နွားလှည်းကို ထိုးရပ်လိုက်တာကြောင့် နောက်မှာပါလာတဲ့ နွားလှည်းတွေကလည်း လိုက်ရပ်သည်။

” ဆင်း . ခွေးပု “

လှည်းပေါ်မှာထိုင်နေရတာ ကြာပြီမလို့ အညောင်းအညာပြေ အကြောဆန့်ချင်ပြီဖြစ်သည်။ ဆင်းဖို့ပြင်လိုက်ပေမယ့် ခွေးပုက ပိတ်နေတာမလို့ ခွေးပုတင်ပါးကို ခြေထောက်နဲ့လှမ်းကန်ရင်း ပစ်တိုင်းထောင်က လှမ်းပြောလိုက်သည်။

” ဆင်းမှာပါ ဆျာထောင်ရဲ့ … ကျွန်တော်ဖြင့် ဇောက်ထိုးပြုတ်ကျတော့မယ် … အောက်မယ် ကျောက်ခဲအချွန်တွေရှိမရှိ ကြည့်နေတာကို “

” ဖိနပ်စီးပြီးဆင်းပေါ့ဟ “

ထိုတော့မှသာ ခြေဗလာဖြစ်နေသည့် ခွေးပုက စပ်ဖြဲဖြဲလုပ်ရင်း ခေါင်းကုတ်သည်။ ဖိနပ်ကို ခါးကြားထဲထိုးထားပြီး‌တော့များ။

” နေ့လယ်ခင်းစာကိုတော့ ချက်လာပြီးသားမလို့ ခဏနေကျရင် စားကြမယ်နော် … ဇာတ်ပွဲတွေကတော့ မစသေးပေမယ့် ဘုရားပွဲဈေးတန်းကို ညနေ နေအေးကာမှ လျှောက်ကြမယ်နော် “

ရွှေဒင်္ဂါးက လှည်းပေါ်က ပစ္စည်းတွေချရင်း ပြောလာတာမလို့ ပစ်တိုင်းထောင် ခေါင်းညိတ်လိုက်သည်။

” ခွေးပု . ဒီမယ် လာကူစမ်း “

သာထင်က နွားတွေကို ရေတိုက် အစာကျွေးနေတာမလို့ နွားလှည်းပေါ်က ပစ္စည်းတွေကို ရွှေဒင်္ဂါးကသာ ဒိုင်ခံချနေသည်။ ပါးစပ်ကသာ ခွေးပုကို လှမ်းအော်နေပေမယ့် အမြင်မတော်လှတာမလို့ ပစ်‌တိုင်းထောင်က ဒင်္ဂါးလက်ထဲက ထမင်းတောင်းကြီးကို မ,ကူပြီး အပင်အောက်မှာ သွားချထားလိုက်သည်။

” မမငွေမှုန် . မိကဲတို့ ဘာကူရမလဲ “

” ဟယ် မိကဲ … ရပါတယ်တော် … ကျုပ်တို့က ပစ္စည်းတွေချရုံတင်ပါ “

ပါလာတဲ့အထုပ်အပိုးတွေနဲ့ တောင်းတွေကို မပျောက်ပျက်အောင် စနစ်တကျ နေရာချပြီး ယာယီတဲလေးလုပ်ဖို့ ပြင်နေတုန်း မိကဲက ဒင်္ဂါးတို့အနားကို အဖော်နှစ်ယောက်နဲ့အတူ ရောက်လာသည်။

” ဟဲ့ မယ်တင် … နင်ပြောတော့ ကိုဒင်္ဂါးကို ပြောစရာရှိလို့ဆို … ပြောစရာရှိလို့ပဲ ကျုပ်နဲ့လိုက်လာတာမဟုတ်လား … ပြောလိုက်လေ “

” ဟို … “

မယ်တင်ဆိုတဲ့ မိန်းမပျိုလေးက ရှက်ကိုးရှက်ကန်းနဲ့ အကြည့်တွေက ပစ်တိုင်းထောင်ဆီ ရောက်လာတာမလို့ မျက်ခုံးပင့်လိုက်မိသည်။ ရွှေဒင်္ဂါးဘက်ကို ကြည့်မိတော့လည်း ထိုမိန်းကလေးဘက်ကြည့်လိုက် ပစ်တိုင်းထောင်ကိုကြည့်လိုက်နဲ့ ကြောင်တောင်တောင်ရယ်။

” နေ့လယ်ခင်းကျရင် ဟင်းလာပို့မယ်နော် ကိုဒင်္ဂါး … မယ်တင် ဟင်းတွေအများကြီးချက်လာတယ် “

ဒင်္ဂါးမှာ ပြောစရာစကားပင် ပျောက်သွားရသည်။ ဒင်္ဂါးတို့က ကိုယ့်အိမ်မှာကိုယ်လည်းမဟုတ်။ ဘုရားပွဲလာလည်ရင်းတောင် မယ်တင်က ဟင်းလာပို့မယ်ဆိုတော့ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ မယ်တင့်မျက်နှာကိုကြည့်ရင်း သဘောပေါက်သွားရသည်။

မိန်းမကြိုက်တော့ ဆိုက်ဆိုက်လာဆိုသည့်အတိုင်း မိန်းမပျိုလေးတွေများ လွယ်ကို မလွယ်ပါဘူးလေ။ ရွာရဲ့ ကွမ်းတောင်ကိုင်ပီပီ ညက်ညက်ညောညော အသားအရည်ရှိတဲ့ မယ်တင်က အပြာရောင်ချည်ချောဝမ်းဆက်နဲ့ သနပ်ခါးရေကျဲလေးလိမ်းထားတာမလို့ ရိုးရိုးလေးနဲ့ အလှထူးတာတော့ အမှန်ပင်။

ရည်ငံကြကြေးဆို မြို့အုပ်မင်းညီခပ်ချောချောမြို့သားနဲ့ ရွာ့ ကွမ်းတောင်ကိုင်ကလေးနဲ့က နေနဲ့လ ရွှေနဲ့မြကဲ့သို့ပင်။ သို့ပေမယ့် ဒင်္ဂါးဘေးက မြို့အုပ်ညီကတော့ တုတ်တုတ်ပင်မလှုပ်တာကြောင့် အစ်မငွေမှုန်ကိုများ သဘောကျနေလေသလား တွေးမိကာ ဒင်္ဂါးစိတ်ထဲ ကြိတ်ကာ အစ်မကို တိုရပြန်သည်။

” နင်တို့ပဲလောက်အောင်စားကြပါ မယ်တင် … အစ်မငွေမှုန်လည်း ဟင်းတွေချက်လာတယ် “

” မယ် . မယ်တင်က အစ်ကိုပစ်တိုင်းထောင်တို့ကိုလည်း စားစေချင်လို့ ဝက်ပုန်းဟင်းလေး ချက်လာတာ “

လက်ကလေးနှစ်ဖက်ကို လိမ်ကျစ်ရင်း မျက်စပစ်လို့ပြောလာတဲ့ မိန်းကလေးကြောင့် ပစ်တိုင်းထောင် မျက်ခုံးပင့်မိပြန်သည်။ မဆီမဆိုင် လာအရောဝင်သလို ခံစားမိသည်မို့ ငြင်းဆိုရန် ပါးစပ်ဟလိုက်သည်။

” ကောင်းတာပေါ့ဗျာ . ကောင်းတာပေါ့ … ဆျာထောင်က ဝက်သားနဲ့ပုန်းရည်ကြီးဆို လွှတ်ကြိုက်တာ “

” ခွေးပု … “

ပစ်တိုင်းထောင်ကိုကျော်လို့ မယ်တင်ကို မျက်နှာလုပ်နေတဲ့ ခွေးပုကြောင့် သွားကြားထဲကထွက်ရုံ လေသံနဲ့ ခပ်ကြိတ်ကြိတ်တားလိုက်ပေမယ့် ခွေးပုကတော့ ဂရုမစိုက်ပေ။

” ဟုတ်ကဲ့ . အတော်ပဲဖြစ်သွားတာပေါ့ရှင် … အဲ့တာဖြင့် မယ်တင် နေ့လယ်ခင်းကျရင် ဟင်းလေး လာပို့မယ်နော် … လာ မိကဲ သွားစို့ “

ပြုံးပျော်သွားတဲ့ မျက်နှာလေးနဲ့ လှည့်ထွက်သွားတဲ့ မယ်တင်ကို ခွေးပုက ခပ်ပြုံးပြုံးကြီးငေးနေသည်။ ဖြစ်စဉ်အစအဆုံးကို မြင်လိုက်ရတဲ့ ဒင်္ဂါးကတော့ စုတ်တသပ်သပ်နဲ့ ခေါင်းရမ်းသည်။ သုံးပွင့်ဆိုင်ဇာတ်လမ်း‌ကြီးကို လက်တွေ့ကြုံလိုက်ရတာပါလေ။

” ဒီလျှာရှည်လွန်းတဲ့ မိကျောင်းမသား “

” ဟာ … ဆျာထောင် “

မတည့်အတူနေ ဆရာတပည့်နှစ်ယောက်ကို ကြည့်ရင်း ဒင်္ဂါးနဲ့ အစ်မငွေမှုန်တို့ နှစ်ယောက်သား ခပ်ကြိတ်ကြိတ်ရယ်မိကြသည်။ ရွာရဲ့ကွမ်းတောင်ကိုင် အလှလေးမယ်တင်အား ပြုံးပြုံးကြီးငေးနေတဲ့ ခွေးပုကို စိတ်လက်တစ်ဆစ် မြို့အုပ်မင်းညီက အနောက်ကနေ တင်ပါးကို ဆောင့်ကန်သည်။ အကန်ခံလိုက်ရမှသာ အသိဝင်တော့တဲ့ ခွေးပုက မြေကြီးပေါ်မှာ လေးဘက်ကုန်းလေးနဲ့ သူ့ဆရာကို နှုတ်လှန်ထိုးတော့သည်။

” ဆျာထောင်ကဗျာ … ဘာလို့ကန်ရပြန်တာလဲ ”

ဆျာထောင်က ပုဆိုးကြီး မ,လို့ ခွေးပုကို မျက်စောင်းခဲသည်။

” အမဲရိုးနဲ့ ဟင်းအိုးကို မျက်မြင်တွေ့လိုက်ရတာပဲ … ကျီးကန်းနှယ် ဘဲဥကိုမှ အားမနာ . ပိုးပန်းချင်ရင် လွတ်လွတ်လပ်လပ်ပိုးပန်း … ဘယ့်နှယ် ငါ့ကို လာအသုံးချ “

” ဟာ . ဆျာထောင်ကလည်း အခွင့်သာတုန်းလေး “

” နားရင်းတီးထည့်လိုက်ရ “

နာနာနှက်လို့ ထုံးစံအတိုင်း ပြောချင်ရာပြောပြီး နွားစာကျွေးနေတဲ့ သာထင့်ဘက်ကို လှည့်ထွက်သွားတဲ့ မြို့အုပ်မင်းညီကြောင့် ဒင်္ဂါးတို့မှာ ပါးစပ်အဟောင်းသားရယ်။ အပြောခံလိုက်ရတဲ့ ကိုခွေးပုဆို မျက်နှာငယ်‌လေးနဲ့ရယ်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၉-၄-၂၀၂၄)

အချစ်ကလေးတို့ရေ… အကြွေးဆပ်ဖို့ ဒီညနောက်တစ်ပိုင်းထပ်updateပေးပါမယ်နော်…

ဒီတစ်ပုဒ်ကပုံမှန်ရေးနေတဲ့အပိုင်းတွေထက် စာလုံးရေပိုများ၊ပိုရှည်ပါတယ်…

အချစ်ကလေးတို့ကို များများဖတ်စေချင်လို့ကြိုးစားပြီးရေးထားတာမို့ ဖတ်ပြီးသွားရင်တော့ ကောင်း၏၊ဆိုး၏ feedback လေး ပြန်ပေးခဲ့ကြပါဦးနော်…

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၅), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၅), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၅) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၅) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၅) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၅) light novel, ,

Comment

Leave a Reply

Chapter 9